မူကြိုအရွယ် အသက် ၄ နှစ်ခန့်မှ စတင်လေ့လာနိုင်ပါသည်။ ကလေးများနှင့် သင့်တော်သော နည်းပညာများဖြင့် ကလေးများ နားလည်နိုင်သောအခြေခံ ပရိုဂရမ်သဘောတရားများကို စတင်သင်ကြားနိုင်ပါသည်။ ပရိုဂရမ်ရေးနည်းအား လေ့လာစေခြင်းဖြင့် ကလေးများ၏ စဉ်းစားတွေးခေါ်တီထွင်နိုင်စွမ်းကို များစွာမြှင့်တင်ပေးနိုင်ပါသည်။
အနောက်နိုင်ငံများတွင် ကလေးများအား ပရိုဂရမ်ရေးနည်း သင်ကြားစေပြီး သုတေသနပြုလုပ်ခဲ့ကြရာ အောက်ဖော်ပြပါ အကျိုးကျေးဇူးများ လေ့လာတွေ့ရှိကြပါသည်။
၁) အကျိုးအကြောင်းမှန်ကန်စွာ စဉ်းစားတွေးခေါ်နိုင်ခြင်း
ပရိုဂရမ်များသည် သင်္ချာသဘောတရားနှင့် စဉ်းစားတွေးခေါ်ခြင်းကို အချိုးကျကျပေါင်းစပ်ထားခြင်းဖြစ်ရွေ့ ထိုပရိုဂရမ်းများကို လေ့လာရသည့် ကလေးများသည် အကျိုးအကြောင်းမှန်ကန်စွာ ဆက်စပ်တွေးခေါ်နိုင်လာပါသည်။
၂) စဉ်းစားတွေးခေါ်မှုအတိုင်း ဖန်တီးနိုင်ခြင်း
ကလေးများ၏ စိတ်ထဲတွင်ရှိသည်များကို screen ပေါ်တွင် ချက်ချင်းပုံဖော်နိုင်ခြင်းကြောင့် ကလေးများကိုယ်တိုင် စဉ်းစားတွေးခေါ်ခြင်းတွင် ပျော်မွေ့လာပါသည်။
၃) အမှားများကို လက်ခံနိုင်လာခြင်း
ပရိုဂရမ်ရေးသားခြင်းတွင် တွေ့ရတတ်သော အမှားများကို ဖြေရှင်းကာ မိမိလိုချင်သော အခြေအနေတခုကို ဖန်တီးရေးသားရခြင်းကြောင့် ကလေးများသည် အမှားများကို လက်ခံနိုင်လာပြီး စိတ်ရှည်စွာ အဖြေရှာတတ်လာပါသည်။
၎) ပြဿနာ အခက်အခဲများကို လွယ်ကူစွာ ဖြေရှင်းနိုင်ခြင်း
ပရိုဂရမ်များတွင် အမှားများ ရှင်းလင်းရခြင်း၊ တိကျသေချာစွာ ရေးသားရခြင်းများကြောင့် ကလေးများသည် ကျောင်းစာမှာသာမက ပေါင်းသင်းဆက်ဆံရေးတွင် စေ့စပ်သေချာလာပြီး အဆင်မပြေမှုများကို ကောင်းမွန်စွာ ညှိနှိုင်းဖြေရှင်းတတ်လာပါသည်။